International News

ဗီယက်နမ်နိုင်ငံမှ ပြည်ပသို့ တူနာငါးတင်ပို့မှု ပိုမိုမြင့်တက်လာလိမ့်မည်ဟု ခန့်မှန်း

Last Updated:

ဗီယက်နမ်နိုင်ငံအနေဖြင့် ပြည်ပသို့ တူနာငါးတင်ပို့မှုသည် ဆက်တိုက်မြင့်တက်လာလိမ့်မည်ဟု မျှော်လင့်ချက်ထားရှိ လုပ်ဆောင်လျက်ရှိပါသည်။

ဗီယက်နမ်နိုင်ငံသည် ပြည်ပသို့ တူနာငါးတင်ပို့မှုတွင် ယခုနှစ်အတွက် အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံအထိတိုးမြှင့်တင်ပို့နိုင်လိမ့်မည်ဟု ခန့်မှန်းချက်ထားရှိပြီး အဆိုပါပမာဏသည် တစ်နှစ်ထက် တစ်နှစ် ၄၅ ရာခိုင်နှုန်းတိုးတက်တင်ပို့လာနိုင်ခြင်းဖြစ်သည်ဟု ဗီယက်နမ်နိုင်ငံ၊ အကောက်ခွန်ဦးစီးဌာန (General Department of Customs) မှ ပြောကြားပါသည်။

ဇွန်လအတွင်းရှိ အချက်အလက်များအရ ပြည်ပသို့ တူနာငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၀ သန်းခန့် ရရှိလာပြီဖြစ်ပြီး ၎င်းသည် ပြီးခဲ့သည့်နှစ်ကာလတူပမာဏနှင့်နှိုင်းယှဉ်ပါက ၄၁ ရာခိုင်နှုန်း တိုးတက်လာခဲ့ခြင်းဖြစ်ပါသည်။  ၂၀၂၂ ခုနှစ်၊ ပထမနှစ်ဝက်ကာလတွင် ဗီယက်နမ်နိုင်ငံ၏ ပြည်ပသို့ တူနာငါးတင်ပို့မှုမှ စုစုပေါင်းပြည်ပ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၅၅၃ သန်းရှိသည်ကို မြင်တွေ့နိုင်မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ပထမခြောက်လတာကာလနှင့်နှိုင်းယှဉ်ပါက ၅၆ ရာခိုင်နှုန်းမြင့်တက်လာပါသည်။

ထိုကဲ့သို့ လျင်မြန်စွာတိုးတက်လာမှုသည် အီးယူဈေးကွက်၊ အစ္စရေးဈေးကွက်နှင့် အီဂျစ်ဈေးကွက်များမှလွဲ၍ အဓိကဈေးကွက်အများစုသို့ တူနာငါးတင်ပို့မှု သိသာစွာ မြင့်တက်လာခြင်းကြောင့်ဖြစ်သည်ဟု ဗီယက်နမ်နိုင်ငံ ပင်လယ်ထွက်ကုန်တင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း (The Vietnam Association of Seafood Exporters and Procedures-VASEP) က မှတ်ချက်ပြုထားပါသည်။

ထူးထူးခြားခြား အမေရိကန်ဈေးကွက်သို့ တူနာငါးတင်ပို့မှုသည် ဇွန်လနောက်ပိုင်းတွင် အမေရိကန် ဒေါ်လာ ၃၀၀ သန်းထက်မနည်း ရရှိခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဇွန်လရှိ ပမာဏထက် နှစ်ဆနီးပါးမြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

CPTPP (The Comprehensive and Progressive Agreement for Trans-Pacific Partnership) သည် ဗီယက်နမ်တူနာငါးအား တတိယအများဆုံးတင်သွင်းသူဖြစ်ပြီး ၎င်း၏နောက်တွင်အမေရိကန်နှင့်အီးယူ တို့က အများဆုံးတင်သွင်းကြကြောင်း၊ ဗီယက်နမ် တူနာငါးအား သင်္ဘောတင်ပို့မှု ဆိုင်ရာ ကတိကဝတ်ပြုထားသည့် အဖွဲ့ဝင်နိုင်ငံများသို့ တင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၆၈ သန်းရှိပြီး တစ်နှစ်ထက်တစ်နှစ် ၅၀ ရာခိုင်နှုန်းရှိကြောင်း သိရှိရပါသည်။

လတ်တလောတွင် အမေရိကန်ဈေးကွက်သို့ တူနာငါးတင်ပို့မှုသည် ပြီးခဲ့သည့် သုံးလအတွင်း တဖြည်းဖြည်းကျဆင်းလာပြီး ဇွန်လတွင် ဈေးကွက်တင်ပို့မှုသည် ၂၅ ရာခိုင်နှုန်းလျော့ကျခဲ့ပြီး အကြမ်းအားဖြင့်    အမေရိကန်ဒေါ်လာ ၉.၅ သန်းခန့်ကျဆင်းခဲ့ပါသည်။

ယခုနှစ် ပထမခြောက်လတာကာလအတွင်း အီးယူက အမေရိကန် ဒေါ်လာ ၇၇ သန်းတန်ဖိုးရှိ ဗီယက်နမ်တူနာငါးအား တင်သွင်းခဲ့ပြီး အဆိုပါတင်သွင်းမှုသည် တစ်နှစ်ထက်တစ်နှစ် ၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါသည်။

အဆိုပါတင်သွင်းမှုသည် ဗီယက်နမ်နိုင်ငံမှ ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သို့ တူနာငါးတိုးမြှင့်တင်ပို့သည့်တန်ဖိုးနှင့် ညီမျှမှုရှိပါသည်။

ဗီယက်နမ်နိုင်ငံပင်လယ်ထွက်ကုန်တင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း (The Vietnam Association of Seafood Exporters and Procedures-VASEP) က ယခုနှစ်၊ ဒုတိယနှစ်ဝက်တာ ကာလတွင် တူနာငါးတင်ပို့မှု ဆက်လက်မြင့်တက်လာမည်ဟု ခန့်မှန်းထားပါသည်။

 

                                    

 

( ပြည့်ဖြိုးအောင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန)

 

Source: VietNam News

Category: International News